Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Missionaries of St. Paul Fathers and Brothers MSP

#သာသနာပြုစိန်ပေါလ် ရဟန်း၊ ဘရာသာရ်များအသင်းဂိုဏ်း
(၁) နောက်ခံသမိုင်း

#လားရှိုးဂိုဏ်းအုပ်သာသနာတွင် စလေးရှင်းအသင်းဂိုဏ်း၏ သာသနာပြုလုပ်ငန်း
၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ်တော်ရုံးမှ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးတိုက်နယ်ကိုသာသနာစီရင်စုနယ်မြေအဖြစ်သတ်မှတ်ပြီးသာသနာပြုလုပ်ငန်းလုပ်ရန် စလေးရှင်းအသင်းဂိုဏ်းအားအပ်နှင်းခဲ့သည်။ ပထမဦးဆုံးတမာန်တော်လုပ်ငန်းအကြီးအကဲအဖြစ် စလေးရှင်းအသင်းဂိုဏ်းမှ Msgr. Jocelyn Madden, SDB အားကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ခဲ့သည်။ Msgr. Jocelyn Madden (SDB) အနားယူပြီးနောက်ပိုင်းတွင် Msgr. Charles Bo, SDB (လက်ရှိရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီးကာဒီနယ်ချားလ်စ်ဘို) မှ သာသနာပြုလုပ်ငန်းတာဝန်များကိုလွှဲပြောင်းခန့်အပ်ခြင်းခံခဲ့ရသည်။ 

#၂၀၀၀ ခုနှစ် ဧဝံဂေလိတရားတော်မြတ် ပြန့်ပွားရေးလှုပ်ရှားမှုများ
၁၉၉၀ ခုနှစ် ဝန်းကျင်၌ယေဇူးခရစ်တော် ကြွလာတော်မူခြင်း အနှစ် ၂၀၀၀ ပြည့် အခမ်းအနား ပြုလုပ်ဆင်နွှဲရန်နှင့် မျိုးဆက်သစ် ဘာသာဝင်များအတွက် သာသနာပြုအသင်းဂိုဏ်းအသစ်များထပ်မံလိုအပ်နေမှုအပေါ် သိရှိသတိပြုမိစေရန် ပြင်ဆင်မှုများကိုအင်တိုက်အားတိုက် လုပ်ဆောင်နေခဲ့ကြသည်။

“တကမ္ဘာလုံးအတိုင်းအတာဖြင့် ဧဝံဂေလိတရားတော်မြတ် ပြန့်ပွားရေးလုပ်ဆောင်နေသောယခုကာလတွင် ကျွန်ုပ်တို့ အသင်းဂိုဏ်းသည်လည်းဧဝံဂေလိတရားတော်မြတ် ပြန့်ပွားရေးကိုသာလုံးလုံးလျားလျားဦးတည်လုပ်ဆောင်ပါမည်။” Const. 1992/1
“ခရစ်တော်ကိုလုံးဝမသိသေးသူများ (သို့) ခရစ်တော်ကိုကောင်းစွာမသိသေးသူများစွာရှိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အများနည်းတူမထူးမခြားနား နှုတ်ဆိတ်၍ မနေနိုင်ပါ။” 
“ယုံကြည်သူမျိုးဆက်သစ်အယောက်စီတိုင်းအတွက် ယုံကြည်သူသာသနာပြုအသစ်များလိုအပ်သည်။” 
(St. John Paul II – at Santiago de Compostela, Spain. Aug. 9 – 20, 1989) 

(၂) စိန်ပေါလ် သာသနာပြုအသင်းဂိုဏ်းတည်ထောင်ခြင်း
သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လှုံ့ဆော်မှုနှင့် အထက်ဖော်ပြပါ အခြေအနေများကြောင့် လားရှိုးဂိုဏ်းအုပ်သာသနာ၏ ဆရာတော်ဖြစ်ခဲ့သူရဟန်းအမတ် ကာဒီနယ်ချားလ်စ်ဘိုသည် အမျိုးသား၊ အမျိုးသမီးဒွန်တွဲပါဝင်သောစိန်ပေါလ် ဘရာသာရ်၊ စစ္စတာရ်များအသင်းဂိုဏ်းအမည်ရှိသောသာသနာပြု အဖွဲ့အစည်းကို ၁၉၉၀ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စတင်မွေးဖွားပေးခဲ့သည်။ စတင်ဖွဲ့စည်းခဲ့ချိန်၌အမှန်တကယ် ဆင်းရဲကျပ်တည်းခဲ့ရသည်။ ထိုစဉ်ကကာဒီနယ်ချားလ်စ်ဘိုသည် လားရှိုးသာသနာဂိုဏ်းအုပ် ဆရာတော် အဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီးအမျိုးသားတစ်ဦး၊ အမျိုးသမီးခုနစ်ဦးတို့၏ ဆက်ကပ်မှုနဲ့အတူလားရှိုးမြို့ ရွှေနှလုံးတော်ကယ်သီဒြယ်၌စတင်ခဲ့သည်။

ကျွန်ုပ်တို့၏ Charismသည် “Ad Gentes” ဖြစ်ပြီးဧဝံဂေလိတရားတော်မြတ်ပြန့်ပွားရေးအားတိုက်ရိုက်သက်သေခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ Motto မှာ “I Thirst” ဖြစ်ပြီးရဟန်းများနှင့် အခြားသူတော်စင်များရောက်ရှိရန်ခက်ခဲသောနေရာဒေသများနှင့် အကူအညီအလိုအပ်ဆုံးသောသူများထံသို့ သီးစားပေးသွားရောက်သာသနာပြုရန်ဖြစ်သည်။ 
ဤအသင်းဂိုဏ်းအမည်ကိုရွေးချယ်ရခြင်းမှာရဟန္တာစိန်ပေါလ်၏ ဘဝအသက်တာတွင်၊ ခရစ်တော် သခင်ကိုအမြဲဗဟိုပြုထားသောကြောင့်ဖြစ်သည်။ 

“I no longer live, it is Christ who lives in me” (Gal. 2:20)
“Owe to me if I do not preach the Gospel” (1 Cor. 9:16)
“I can do everything in Christ” (Phil. 4:13) 

အသင်းဂိုဏ်းစတင်တည်ထောင်ပြီးများမကြာမှီမှာပင် သာသနာပြုလုပ်ငန်းများကျယ်ကျယ် ပြန့်ပြန့် ချဲ့ထွင်နိုင်ခဲ့ကာလျင်မြန်စွာတိုးတက်လာအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အရည်အသွေးနှင့် အရေအတွက်ပိုင်းများမှာလျင်မြန်စွာဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် Msgr. Charles Bo သည် ပုပ်ရဟန်းမင်းကြီး် နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် “nihilobstat” (ခေါ်) benevolent consent ခွင့်ပြုမိန့်တော်ကိုရရှိပြီး“Institute of Male and Clerical Consecrated Religious Life”, တရားဝင်အသိအမှတ်ပြု သံဃဂိုဏ်းဝင်အသင်းဖြစ်လာခဲ့သည်။ဤစိန်ပေါလ် သာသနာပြုအသင်းဂိုဏ်းကို “Missionary Society of the Brothers of St. Paul” ဟုသိရှိလာခဲ့ကြသည်။ 

(၃) ကနဦးသာသနာပြုလုပ်ငန်း or ကနဦးလုပ်ဆောင်ချက်များ
လားရှိုးသာသနာသည် သာသနာပြုလုပ်ငန်းလုပ်ဆောင်ရန် သင့်လျော်သောနေရာဒေသတစ်ခုဖြစ်ပြီးအထူးသဖြင့် ‘ဝ’ နယ်မြေများတွင် ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းကိုစာငတ်နေသောဝိညာဉ် များစွာရှိနေခဲ့သည်။ ၎င်းဒေသသည် ပဋ္ဌိပက္ခပေါများရာဒေသဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲနေမှုသည်လည်းဒေသခံဘုန်းတော်ကြီးများနှင့် အခြားသောသူတော်စင်များသွားရောက်နိုင်ရန် အဟန့်အတားများဖြစ်ပြီးအနည်းငယ်သာသွားရောက်နိုင်ခဲ့ကြသည်။ထို့ကြောင့် စွန့်လွှတ်စွန့်စားနိုင်မည့် သာသနာပြုများလိုအပ်နေသည်ဖြစ်ရာအသင်းဂိုဏ်းမှ ဘုန်းတော်ကြီး၊ ဘရာသာရ်၊ စစ္စတာများ ၎င်းဒေသသို့ အရောက်သွားကြရသည်။ အသင်းဂိုဏ်းစတင်ပြီး (၅) နှစ်တာကာလအတွင်း၌သာသနာပြုလုပ်ငန်းများကိုစွမ်းစွမ်းတမံကြိုးစားဆောင်ရွက်နိုင်ခြင်းကြောင့် အားရလောက်သောအသီးအပွင့်များရရှိခဲ့သည်။ဤအခြေအနေအရပ်ရပ်ကိုထောက်ရှုဆင်ခြင်သုံးသပ်လျှက် ၂၀၁၄ ခုနှစ်၊ မတ်လ (၁) ရက်နေ့စွဲပါ ထုတ်ပြန်ကြေငြာချက်ဖြင့် ဆရာတော်ချားလ်စ်ဘိုသည် အသင်းအဖွဲ့အစည်းအားသူတော်စင်ဂိုဏ်းများဖွဲ့စည်းတည်ထောင်ရာ၌ဒုတိယအဆင့်ဖြစ်သော “Mixed Public Association” အဆင့်သို့တိုးချဲ့ဖွဲ့စည်းကာသူတော်စင် အသင်းဂိုဏ်းအဆင့်သို့ တိုးမြှင့်ဖွဲ့စည်းပေးခဲ့သည်။ 

(၄) အသင်းဂိုဏ်းတည်ထောင်သူလားရှိုးမှ ပုသိမ်ဂိုဏ်းအုပ်သာသနာသို့ ပြောင်းရွှေ့ရခြင်း
၁၉၉၆ ခုနှစ်တွင် ဆရာတော်ချားလ်စ်ဘိုသည် လားရှိုးသာသနာမှ ပုသိမ်သာသနာသို့ ပြောင်းရွှေ့မည့်အကြောင်းဖန်လာသည့်အခါ၌အလွန်နုနယ်နေသေးသည့် အသင်းဂိုဏ်းနှင့် ဂိုဏ်းသူ/သား
များအတွက် ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆရာတော်ကြီးသည် လားရှိုးသာသနာအတွက် ဆရာတော်အသစ်တစ်ပါးမရရှိမီ ၎င်းသာသနာနှင့်အတူဘရာသာရ်၊ စစ္စတာများကို ကြည့်ရှု စောင့်ရှောက်စီမံပေးခဲ့ရသည်။ လားရှိုးသာသနာအတွက် ဆရာတော်တစ်ပါးခန့်အပ်ပြီးနောက် စိန်ပေါလ်ဘရာသာရ်များ၏ အခြေအနေသည် အကျပ်အတည်းကာလသို့ရောက်ရှိလာခဲ့ရသည်။ 

မည်ကဲ့သို့သောအခက်အခဲများနှင့် စိန်ခေါ်မှုများကြုံရစေကာမူ ၎င်းအခက်အခဲများသည် ဘရာသာရ်များအတွက် ရင့်ကျက်လာရန်နှင့် တိုးတက်လာရန် အခွင့်အရေးအဖြစ် ပြောင်းလဲလာခဲ့ သည်။ ထိုသို့အပြောင်းအလဲကာလလွန်ပြီးနောက် အသင်းဂိုဏ်းသည် ပုသိမ်မြို့ အစွန်အဖျားတနေရာဖြစ်သော မြတ်တို၌အခြေချနိုင်ခွင့်နှင့် ဘရာသာရ်များသည် ပုသိမ်သာသနာမှ အခြေပြုကာလားရှိုးသာသနာထိသာမက မြန်မာနိုင်ငံနေရာအနှံ့အပြားသာသနာလုပ်ငန်းများချဲ့ထွင်နိုင်ခဲ့သည်။ 

ထိုအချိန်၌ Fr. Thomas Kyan Ying ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ရောက်ရှိလာခြင်းသည် ပုသိမ်၌ဘရာသာရ်များအခြေချနေထိုင်မှုကိုပိုမိုခိုက်မြဲစေခဲ့သည်။လားရှိုးမြို့သားစိန်ပေါလ်အသင်းဂိုဏ်း၏ ပထမဆုံးဘုန်းတော်ကြီးသည်ပုသိမ်သာသနာသို့ သူ၏ဘရာသာရ်များနှင့် ပူးပေါင်းရန် ရောက်ရှ်ိလာယုံသက်သက်မဟုတ်ပဲရှိထားပြီးသောဘရာသာရ်များနှင့် အသစ်ဝင်ရောက်လာသောသူများအတွက် တည်ကြည်သောခေါင်းဆောင်မှုနေရာကိုရယူပြီး ပြုစုပျိုးထောင်ရေးလုပ်ငန်းများကိုစတင်လုပ်ဆောင်ခဲ့သည်။ 

(၅) ပုသိမ်သာသနာ၌သာသနာပြုလုပ်ငန်းလုပ်ဆောင်ရာဒေသများနှင့် လေ့ကျင့်ပျိုးထောင်ခြင်း
လားရှိုးမှ ပြောင်းရွှေ့လာပြီးလအနည်းငယ်အကြာတွင် အသင်းဂိုဏ်းတည်ထောင်သူဖခင် ထိုအချိန်၌ပုသိမ်ဂိုဏ်းအုပ်သာသနာ၏ တာဝန်ခံဆရာတော်လည်းဖြစ်သူဆရာတော် ချားလ်စ်ဘိုမှ မြေနေရာတခုကို မြတ်တိုမိခင်ကျောင်းအဖြစ်ဘရာသာရ်များအခြေချနေထိုင်ရန် ပေးသနားခဲ့သည်။ ထိုအချိန်မှ စ၍ မြတ်တိုမြေကိုဝင်လိုသူလူငယ်များ၊ ကိုရင်လောင်းများနှင့် စိန်ပေါလ်အသင်းဂိုဏ်းဝင် အားလုံးတို့ အတွက် သင်ကြားရေးဗဟိုဌာနအဖြစ် အသုံးပြုလာခဲ့သည်။ ပုသိမ်သာသနာအတွင်းအစောပိုင်းစတင် ဝင်ရောက်ခဲ့သောကျေးရွာအုပ်စုများမှာ -
- တောင်ချောင်းကျေးရွာအုပ်စု (၁၉၉၉)
- ငပုတောကျေးရွာအုပ်စု (၂၀၀၁)
- တောင်တက်ကြီး (၂၀၀၃)တို့ဖြစ်ကြသည်။ 

(၆) အသင်းဂိုဏ်းတည်ထောင်သူပုသိမ်သာသနာမှ ရန်ကုန်ဂိုဏ်းချုပ်သာသနာသို့ ပြောင်းရွှေ့ခြင်း
၂၀၀၃ ခုနှစ်တွင် အသင်းဂိုဏ်းတည်ထောင်သူဆရာတော်သည် ရန်ကုန်ဂိုဏ်းချုပ်သာသနာဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ရန် ပုသိမ်သာသနာမှ ပြောင်းရွှေ့ခြင်းခံရသည်။ သို့သော် ထိုအချိန်၌လေ့ကျင့်ပျိုးထောင်မှုနှင့် ဘရာသာရ်များ၏ သာသနာပြုလုပ်ငန်းများသည် ပုသိမ်သာသနာတွင် ကောင်းစွာအမြစ်တွယ်နေပြီးဖြစ်သည်။တဆက်တည်းတွင်ပင် မန္တလေးသာသနာနှင့်မော်လမြိုင် သာသနာတို့တွင် သာသနာပြုရာနယ်မြေသစ်များအဖြစ် ရွှေဘို၊ မြိတ်နှင့် ပြည်ကြီးမဏ္ဍိုင်တို့ကို ၂၀၀၅ ခုနှစ်မှ စတင်တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ 

(၇) ပထမအထွေထွေညီလာခံ
စိန်ပေါလ်အသင်းဂိုဏ်းသည် ဘရာသာရ်များနှင့် စစ္စတာများအားလုံးပါဝင်သောပထမအကြိမ် အထွေထွေညီလာခံကိုသန်လျင်မြို့၌ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့မှ (၂၉) ရက်နေ့အထိဆယ်ရက်တာကျင်းပပြုလုပ်နိုင်ခဲ့သည်။ အထွေထွေညီလာခံတွင် လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းစဉ် များကို ပြန်လည်သုံးသပ်ခြင်း၊ ဧဝံဂေလိတရားတော်ပျံ့ပွါးရေးကောင်စီဖွဲ့စည်းခြင်းနှင့် အသင်းဂိုဏ်း၏ ကောင်းမွန်သောကျင့်စဉ်နှင့် လုပ်ဆောင်ချက်များကိုနက်နက်ရှိုင်းရှိုင်းပိုမိုနားလည်စေခဲ့သည်။ 

ညီလာခံအပြီး၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် အောက်ပါနယ်မြေသစ်များ၌တိုးချဲ့သာသနာပြုလျက် ရှိပါသည်။
- ဘုရားသုံးဆူ (မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်)နှင့် ကြာအင်းဆိပ်ကြီးသာသနာ (၂၀၀၈)
- သမင်းသောင်ကျေးရွာ၊ ပြည်ဂိုဏ်းအုပ်သာသနာ (၂၀၁၁)
- ကဝဲကျေးရွာအုပ်စု၊ ပြည်ဂိုဏ်းအုပ်သာသနာ (၂၀၁၁)
- ဆော်လမွန်ကျွန်းစု၊ ဖိလစ်ပိုင်နိုင်ငံ (၂၀၁၁)
- ပြင်ဦးလွင် စိန်ပေါလ် လေ့ကျင့်ပျိုးထောင်ရေးကျောင်း (၂၀၁၂)
နေရာအတော်များများသည် မြို့ပြနှင့်ဝေးကွာလှပြီးပဋ္ဌိပက္ခများလွှမ်းမိုးသောနေရာဒေသများ ဖြစ်ကြသည်။ ဤအခြေအနေများကိုသိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်မှုများကိုကောင်းစွာ ပြုလုပ် ခဲ့သည့်အတွက် စိန်ပေါလ် ဘုန်းတော်ကြီးများနှင့် ဘရာသာရ်များသည်သာသနာပြုခြင်းအားစိုက် ထုတ်မှု၏ ရလဒ်ကောင်းများကိုရရှိရန် ဆောင်ရွက်နိုင်ခဲ့ကြသည်။ 



(၈) စိန်ပေါလ်သာသနာပြုအသင်းဂိုဏ်း၏ ၂၅ နှစ်ပြည့် နှစ်ပတ်လည်
စိန်ပေါလ်သာသနာပြုအသင်းဂိုဏ်းသည် ၂၀၁၅ ခုနှစ်တွင် ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီးငွေစင် ဂျူဗလီခံခဲ့ပါသည်။စိန်ပေါလ် ဘုန်းတော်ကြီးများ၊ ဘရာသာရ်များနှင့် စစ္စတာများသည် နှစ်သုတ်ခွဲ၍ဂျူဗလီ ၂၅ နှစ် အထိမ်းအမှတ်အဖြစ် သုံးလတာထပ်ဆင့်မွန်းမံသင်တန်းများကိုပြုလုပ်ခဲ့သည်။ ပထမအသုတ် မွန်းမံသင်တန်းကိုသန်လျင်မြို့ရှိစိန်ပေါလ်သီလရှင်များအသင်းချုပ်တွင် ပြုလုပ်ခဲ့ပြီး၊ ဒုတိယအသုတ်ကိုပုသိမ်မြို့ရှိစိန်ပေါလ် ဘုန်းတော်ကြီးများနှင့် ဘရာသာရ်များ၏မြတ်တိုဗဟိုဌာနတွင် ပြုလုပ်နိုင်ခဲ့ပါသည်။ 

၂၀၁၅ ခုနှစ် တနှစ်ထဲမှာပင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ St. Irenaeus at Centocelle နာမဖြင့် Archbishop Charles Bo အား ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်တွင် ရဟန်းအမတ် ကာဒီနယ်အဆင့်သို့ ခန့်အပ်ကြောင်း ကြေငြာ ခဲ့သည်။ ထိုအချိန်မှစ၍ အသင်းဂိုဏ်းဝင်အားလုံး တို့သည် အခက်မျိုးစုံကို ရင်ဆိုင်ကြော်လွှားရန် စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးပိုင်းဆိုင်ရာတို့တွင် ပိုမို စိတ်အားထက်သန် တက်ကြွလာခဲ့ကြသည်။

၂၀၁၅ ခုနှစ်မှစ၍အသစ်ဖွင့်လှစ်ခဲ့သောနယ်မြေသစ်များမှာ - 
- ရန်ကုန်ဂိုဏ်းချုပ်သာသနာဆရာတော်ကျောင်း (၂၀၁၅) 
- ကြက်ဖြူရွာသစ် အုပ်စု၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာ (၂၀၁၆)
- မကြီးကွင်းသာသနာ၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာ (၂၀၁၆) နှင့်
- သန်လျင်သာသနာ၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာ (၂၀၁၆) တို့ ဖြစ်ကြပါသည်။ 

(၉) စိန်ပေါလ်ဂိုဏ်းသို့ ဝင်လိုသူလေ့ကျင့်ပျိုးထောင်ရေးကျောင်း ပြောင်းရွှေ့ခြင်း
စိန်ပေါလ်အသင်းဂိုဏ်းဝင် ရဟန်းများနှင့် ဘရာသာရ်များသည် ဝင်လိုသူ လေ့ကျင့်ပျိုးထောင်ရေး ကျောင်း ကို မြတ်တိုစင်တာ တခုတည်းတွင်ထားရှိမည့်အစား အခြားတနေရာတွင် သီးသန့်ထားရှိရန် ဆန္ဒရှိကြသည်။ ၂၀၁၅ ခုနှစ်တွင် အသင်းဂိုဏ်းတည်ထောင်သူ အဖ ကာဒီနယ်မှ ပြင်ဦးလွင်မြို့ ရေချမ်းဦး၌ရှိ တစ်ဧကရှိသော မြေကွက်တကွက်အား ဝင်လိုသူ ဘရာသာရ်များ လေ့ကျင့် ပျိုးထောင်ရေးကျောင်း ဆောက်လုပ်ရန် ပေးအပ်ခဲ့သည်။ ထိုကျောင်းအား ၂၀၁၆ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ အပြီးသပ်ဆောက်လုပ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ဝင်လိုသူလေ့ကျင့်ပျိုးထောင်ရေးကျောင်းကို ပြင်ဦးလွင်မြို့၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

(၁၀) နိဂုံး
နှုတ်အားဖြင့်သာဟောကြားခြင်းမဟုတ်ပဲဧဝံဂေလိတရားတော်ကိုအကန့်အသက်မရှိတိုက်ရိုက် သက်သေခံခြင်းဖြစ်သည်။ သာသနာပြုခြင်းလုပ်ငန်းသည် ကျွန်ုပ်တို့အသင်းဂိုဏ်း၏ အမှတ်လက္ခဏာလည်းဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးတို့သည် ဧဝံဂေလိတရားတော် ပြန့်ပွားရေး၌တနည်းတဖုံပါဝင် ပက်သက်နေကြပါသည်။ ရောက်ရှိရာဒေသတိုင်း၌ဧဝံဂေလိတရားတော် ပြန့်ပွားရေးနှင့် တိုက်ရိုက် ပက်သက်နေသော ဒေသခံသာသနာအကြီးအကဲ (သို့မဟုတ်) တာဝန်ခံများနှင့် အနီးကပ် လက်တွဲ၍ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ကြသည်။ဝေးလံခေါင်ဖျားသောအရပ်ဒေသများ၌မည်သို့ပင် နေထိုင်စရာဆင်းရဲခြင်း၊ ငွေကြေးအခက်အခဲများရှိစေကာမူကျွန်ုပ်တို့၏ ပင်ကိုယ်အရည်အသွေး၊ အတတ်ပညာနှင့် တတ်ကျွမ်းမှုများကိုအစွမ်းကုန် အကောင်းဆုံးအသုံးချပြီးအလှမ်းဝေးကွာလှသောဒေသများမှလူသားများအားရတန္တာစိန်ပေါလ်၏ စိတ်ဓါတ်ဖြင့် ကူညီသွားရန်ဖြစ်သည်။ 

စိန်ပေါလ်ဘရာသာရ်အများစုသည် နေရာအတော်များများ၌ဘော်ဒါကျောင်းများကိုကွပ်ကဲအုပ်ချုပ်ကြရသည်။ ထိုကျောင်းများတွင် ကျောင်းသားအများစုသည် ခရစ်ယာန်အယူဝါဒနှင့် ကက်သလစ်သွန်သင်ချက်များကိုမသိ၊ နားမလည်၊ မကြားဖူးသောများဖြစ်ကြသည်။ ကောင်းမွန်သောပညာရေးနှင့် ကိုယ်ကျင့်တရားများကိုသွန်သင်ပေးခြင်းအားဖြင့် ခရစ်တော် တည်ရှိခြင်းအကြောင်းနှင့် ခရစ်တော်၏ ချစ်ခြင်းမေတ္တာအကြောင်းကိုထိုသူများသိရှိလာစေရန် နိုင်ငံတဖက်စွန်း၏အဆုံးထိရောက်ရှိပို့ဆောင်ပေးလျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်သောခရစ်တော်ကိုလူသားများထံပို့ဆောင်ပေးခြင်းနှင့် လူသားများကိုခရစ်တော်ထံသို့ ပို့ဆောင်ပေးခြင်းဖြင့် အသင်းတော်၏ သာသနာပြုလုပ်ငန်းတွင် အတူပါဝင်ရန်နှင့် ဝေမျှပေးရန်တို့ ဖြစ်သည်။

#သာသနာပြုစိန်ပေါလ် ရဟန်း၊ ဘရာသာရ်များအသင်းဂိုဏ်း



 




Untitled Document
Total viewer: 346050